ပေါက်ချောင်းဆိုတဲ့ ရွာလေးတစ်ရွာ (၁)

ဟိုးရှေးရှေးတုန်းက အခုခေတ် မြောင်နယ် တောင်လက်တစ်ဝိုက်ဟာ အခုလို ကုန်းမြေ မဟုတ်သေးဘဲ ရေပြင်ကျယ်ကြီးပဲ ရှိသေးတာဆိုပဲ။ အဲဒီ ရေပြင်ကျယ်ကြီးကို ပင်လယ်တိမ် -လို့ ရှေးလူကြီးတွေ ခေါ်ကြသတဲ့။ ပင်လယ်ဒိန်လို့ အသံထွက်ပြီး ပင်လယ်ရေတိမ်ပိုင်း-လို့ ဆိုလိုပါသတဲ့။ အဲဒီရေပြင်ကျယ်ကြီးရဲ့ မြောက်ဘက်ကမ်းခြေကတော့ ကျောက်ရစ်၊ ကိုးပင်၊ နဘက်၊ ကင်းရွာ -ဆိုတဲ့ အခုခေတ် ကျည်းတောကုန်းရွာတွေ ရှိပါသတဲ့။ ဟိုး ရှေးခေတ်တုန်းကတော့ ရေကြည်ရာ မြက်နုရာမှာ တည်ထားတဲ့ ရွာတွေလို့ ပြောရမှာပေါ့။ နောက်ပိုင်းခေတ်မှသာ ကျည်းကုန်းအရပ် ဖြစ်သွားကြတာတွေ။ ဒဏ္ဍာရီအဆိုအရတော့ ပေါင်လောင်ရှင်ကဿပ မထေရ်မြတ်ဟာ ကျောက်ရစ်ဘက်ကနေ (အခု ဧရာဝတီမြစ်အရှေ့ဘက်) ကျားတိုင်း၊ သိမ်ရွာတို့ဘက်ကို အဲဒီရေပြင်ကျယ်ကြီး = ပင်လယ်တိမ်ကို မိကျောင်းစီး ဖြတ်သန်းပြီး ဆွမ်းခံသွားလေ့ ရှိတယ်ဆိုပဲ။

အဲဒီ ရေပြင်ကျယ်ရေတွေ တဖြည်းဖြည်းနဲ့ လျော့လျော့သွားတော့ အခုခေတ် ခေါ်နေကြတဲ့ ကျွန်းဆိုတာတွေ ပေါ်လာသတဲ့ဗျ။ တောင်ဘက်ဆိုရင် ဒါးကျွန်းအထိ ရေက တဖြည်းဖြည်း လျော့ကျသွားတယ်ဆိုပဲ။ ဒီတော့ နဂိုတုန်းကဆိုရင် တို့ဒေသဟာ မေခနဲ့ မလိခ ဆုံသလိုမျိုး မြစ်ဆုံဒေသလို့ ခေါ်ရမယ့် အနေအထားပေါ့။ စကားမစပ် အနီးအနားက မြစ်ဆုံဆိုတဲ့ ရွာနာမည်ကလည်း ထူးခြားသလို ထင်ရသပေါ့လေ။ အဲဒါနဲ့ ကျွန်းထဲမှာ ရွာလေးတွေ အစီအရီ ပေါ်လာကြသပေါ့။  လုပ်ကိုင်စားသောက်စရာ ရေမိုးပြည့်စုံတော့ အခြေချသူတွေ ပေါများလာသပေါ့။ အခုခေတ် ဧရာဝတီမြစ် ကောသွားတဲ့နေရာတွေမှာ အခြေချ စိုက်ပျိုးကြတဲ့လူတွေလို နေမှာပေါ့လေ။

ရှေးရှေး ဘိုးဘေးတွေ မှတ်မိသိရှိသမျှတော့ ကျွန်း (၁၂ ) ရွာ ဒါမှမဟုတ် ကျွန်းထဲ (၁၂) ရွာ- လို့ နာမည်ရှိခဲ့ဆိုပဲ။ သူကြီး (၁၂) ဦး အုပ်ချုပ်တဲ့ ကျွန်းရွာတွေဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ရှေးမြန်မာဘုရင်တွေ လက်ထက်ကတည်းက စတင်ပြီး ခေါ်လာတဲ့ နာမည်လို့ ထင်ရတာပါပဲ။ ဒါပေမဲ့ အခုခေတ်မှာတော့ ကျွန်း (၁၂) ရွာ ဘယ်ကတော့မလဲ။ တချို့ရွာတွေ ပေါင်းစည်းသွားကြသလို တချို့ရွာတွေ ခွဲခွဲ ထွက်သွားကြတာ။ ခွဲထွက်သွားတာတွေက ပိုများလာတာမို့ ကျွန်းရွာတွေ ပို များများလာပါတယ်။ မြစ်ဆုံ၊ ခေါင်းခွဲကြီး၊ ပေါက်ချောင်း၊ ရွာပုလဲတို့ကတော့ ဟိုစဉ်ကတည်းက အဲဒီ (၁၂) ရွာ စာရင်းထဲမှာ ပါခဲ့သတဲ့ဗျ။ နှယ်နှယ်ရရတော့ မမှတ်လေနဲ့၊ သူလည်း ခေသူ မဟုတ်ထဲကပေါ့။

credit: ဒေါ်တင်ဝိုင်း :) :) 2016-10-11 Tue

Comments

Popular posts from this blog

ပေါက်ချောင်းဆိုတဲ့ ရွာလေးတစ်ရွာ (၂)