ပေါက်ချောင်းဆိုတဲ့ ရွာလေးတစ်ရွာ (၃)
ကိုယ်တို့ရဲ့ ဘိုးဘေးဘီဘင်တွေဟာ အဲဒီလို ကုန်းမြင့်တွေမှာ ဘယ်အချိန်က စပြီး အခြေချ နေထိုင်တယ်ဆိုတာတော့ ခန့်မှန်းလို့ မရဘူးပေါ့။ ဒါပေမဲ့ - ပခုက္ကူဘက်မှာ ဧရာဝတီမြစ်ရေ သိသိသာသာကို ကျဆင်းသွားလို့ ပေါ်လာတဲ့ သောင်ခုံတွေမှာ လူတွေ အခြေချ နေကြတာမျိုးကို ဥပမာအဖြစ် ယူဆကြည့်မယ်ဆိုရင်တော့ - ပင်လယ်တိမ်အရပ်မှာ ရေတွေ အတော်ကျသွားရမယ်၊ အချိန်ကြာကြာ ပြန်လည် ရေ မတက်တော့တာ ဖြစ်ရပါမယ်။ ဒါမှ အခြေချရဲကြမှာကိုး။ အခြေချရင်တော့ ကုန်းမြင့်တွေကို အရင်ဆုံး ရွေးကြမှာ သေချာသလောက်ပါ။ ဒီဘက်ခေတ်အထိ လူတွေ နေ၊ မနေကိုပါ ထည့်တွက် စဉ်းစားကြည့်ရင် ပိုကောင်းပါတယ်။ တောကျောင်းကုန်း။ ။ သင်္ဂဇာဆရာတော်ကြီးဟာ ရွာဘက်မှာ ကျေးဇူးဆပ်တဲ့အနေနဲ့ တစ်ဝါ ဝါဆိုခဲ့ဖူးပါတယ်။ "ဇာတိရပ်ဟောင်း၊ ရွာပေါက်ချောင်း၌၊ ကိန်းအောင်းတစ်ဝါ၊ နေပြီးကာမှ" - လို့ ကျောက်စာသံပိုင်းထဲမှာ တွေ့ရပါတယ်။ ဘယ်နေရာမှာ သီတင်းသုံးခဲ့သလဲဆိုတာ အတိအကျ? မသိရပေမယ့် ဒီတောကျောင်းမှာလို့တော့ ပြောကြပါတယ်။ ကိုယ့်အမေတို့ မှတ်မိသလောက်တော့ သူတို့ငယ်စဉ် လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော်လောက်ကစပြီး အဲဒီတောကျောင်းကုန်းမှာ ရဟန်းတော်များ သီတင်းသုံးတာ မတွေ့တော့ပါဘူးတဲ့။ အဲဒီအရင်ကတော့...