ပေါက်ချောင်းဆိုတဲ့ ရွာလေးတစ်ရွာ (၂)

တဖြည်းဖြည်းနဲ့ နေရာကောင်းတွေ ပေါ်လာတဲ့အခါ ရေကြည်ရာ မြက်နုရာ ကုန်းမြင့်မြင့်တွေကို ရွေးလာကြတာ သဘာဝပဲ ထင်ပါတယ်။ မူလတုန်းက ပင်လယ်တိမ်ဆိုတဲ့ ရေဝင်ရပ် ဖြစ်နေတာကြောင့် ရေကျကာစ အချိန်တုန်းကတည်းက ကုန်းမြင့်တွေကို ရွေးခဲ့ကြမှာပါပဲ။ အခုခေတ်မှာလည်း အိမ်တွေမှာ ရေလွတ်အောင် မြေတွေ ဖို့ပြီး နေကြသလိုပေါ့လေ။

ပေါက်ချောင်းတစ်ဝိုက်မှာတော့ ကုန်းတွေကို (၉) ကုန်း ရှိတယ်လို့ ရှေးလူကြီးတွေ ပြောစမှတ်ပြုကြပါတယ်။ ဒါပေမယ့် အခုခေတ်မှာတော့ ကုန်းတွေ အရေအတွက် ပိုများလာပါတယ်။ ကျွန်းရွာ (၁၂) ရွာ မကတော့သလိုပဲ ဖြစ်ပါလိမ့်မယ်။ ခေါ်ရကောင်းအောင် ကုန်း (၉) ကုန်းလို့ သတ်မှတ်တာလား ဒါမှမဟုတ် တခြားကုန်းတွေကို စာရင်းထဲ မထည့်တာလားဆိုတာကတော့ ဆက်လက် စဉ်းစားစရာ ကိစ္စပါ။ ဘာပဲဖြစ်ဖြစ် ဟိုးအရင်က ကုန်းမြင့် အရေအတွက်ကို သိထားသင့်သလို ဒီဘက်ခေတ် ကုန်းမြင့်စာရင်းကိုလည်း သိထားရင် ပိုကောင်းတာပေါ့။ စာရင်းချကြည့်လိုက်တဲ့အခါ ဟောဒီလို တွေ့ရပါတယ်။

၁။ တောကျောင်းကုန်း
၂။ သုံးအိမ်တန်းကုန်း
၃။ ရှင်ပင်ကုန်း (သုံးအိမ်တန်းကုန်းရဲ့ အနောက်ဘက်မှာလို့ ဆိုပါတယ်။ အုတ်ခဲတွေ ဘာတွေရှိ၊ ဂူရာတွေ (အုတ်ဂူရာတွေ) ရှိ၊ ဂူကုန်းလို့လည်း ခေါ်ကြတယ်လို့ ဆိုပါတယ်)
၄။ ဦးပေကုန်း
၅။ ဘီကုန်း
၆။ ဂူကျောင်းကုန်း
၇။ မြေကြမ်းကုန်း (အနောက်ရွာရဲ့ မြောက်ဘက်၊ ချောင်းကို ကျော်လိုက်တဲ့အခါ တွေ့ရတဲ့ သရက်ပင်တွေ ထန်းပင်တွေနဲ့နေရာ)
၈။ ရွှေမြင်တင်ကုန်း (အလယ်ရွာ ရေဆိပ်ရဲ့ အရှေ့ဘက်ကုန်းမြင့်)
၉။ မြင်းမူကုန်း (ရွှေမြင်တင်ကုန်းရဲ့ အရှေ့ဘက်၊ တန်းကျောင်းရဲ့ မြောက်ဘက်ပါတဲ့)
၁၀။ လေးဆူကုန်း
၁၁။ ပျိုးခင်းကုန်း (ဒါကတော့ နောက်ပိုင်းမှ ခေါ်တာ ဖြစ်လောက်ပါတယ်)
၁၂။ သာယာကုန်း (ဒါကတော့ ဘယ်နေရာလဲ မသိသေးပါဘူး။ ချောင်းအကျော် ရွာရဲ့ မြောက်ဘက်ပိုင်းလို့တော့ ထင်မိပါသတဲ့)

ဒီလောက်အထိ တွေ့ထားပါတယ်။ တခြား နာမည်တွေလည်း ရှိဦးမလား မသိရပါဘူး။ သေချာသလောက်ကတော့ ရှေ့ပိုင်း နာမည်အတော်များများက ရှေးကတည်းက ရှိတာ ဖြစ်နိုင်ပါတယ်။ သက်သေအထောက်အထား အနေနဲ့ကတော့ အဲဒီနေရာတွေဟာ သာမန်ထက် ပိုမြင့်တဲ့နေရာတွေ ဖြစ်နေတာပါ။ စဉ်းစားစရာတစ်ချက်ကတော့ ဖောင်တော်ဦးဆိုရင်လည်း အထိုက်အလျောက် ကုန်းမြင့်သဘော ဆန်တယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် သူ့မှာ သီးသန့် နာမည် ရှိခဲ့သလား မရှိခဲ့ဘူးလားဆိုတာကလည်း စူးစမ်းသင့်တဲ့ မေးခွန်းတစ်ခုပါ။


စာကြွင်း။ ။ ဦးနေမိန္ဒရကတော့ "ဖောင်တော်ဦးက ခု ကုန်းမြင့်တွေရဲ့ အောက်မှာ အုဌ်ရိုးတွေ ရှိတယ်-လို့ ပြောသံကြားတယ်။ အဲဒီလိုဆို အရင်က ကုန်းမြင့် မဟုတ်လောက်ဖူး။" လို့ ပြောပါတယ်။

Comments